Blog , Blogger , Blogging
MyanmarISP မှာတွေ့တဲ့ ဆရာကျော်ဝင်းရဲ့ ဆိုက်ဘာဓလေ့ အကောက်အယူများဆိုတဲ့ စာအုပ်က ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ဆရာကျော်ရင်မြင့်အကြံပေးတဲ့ ဘလော့ဂ်ဂါအက်သစ်များအကြောင်းကို ရတနာချိုဆီမှာ ဖတ်မိပြီး ဘလော့ဂ်အကြောင်းဖတ်ဖူးတာကို ဇော်ဂျီဖောင့်နဲ့ စာပြန်စီထားတာပါ။ ဆိုက်ဘာဓလေ့ အကောက်အယူများဆိုတဲ့ စာအုပ်က ၂၀၀၆ နိုဝင်ဘာလမှာ ထုတ်တဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ကျွန်တော် အခုတင်တဲ့ ဘလော့ဂ်အကြောင်း အပြင် Community အကြောင်း ၊ Community Memory ၊ Community Networks ၊ Community Informatics(CI) ၊ Community Technology Center အကြောင်းများ ၊ Cyberlibertarianism ၊ Cyberspace ၊ Cybercrime အကြောင်းများ ၊ Information Society ၊ Network Organizations ၊ Netiquitte/Netizen ၊ National Information Infrastructure ၊ Information ၊ Hacker/Hacking/Hactivist ၊ Globalization နဲ့ Free Software Movement တွေ အကြောင်းကို ရေးသားထားတဲ့ ဆောင်းပါးတွေပါပါတယ်။ ဘလော့ဂ်ရေးတဲ့သူတွေ ဘလော့ဂ်ဖတ်နေကျသူတွေ အနေနဲ့ ဘလော့ဂ်ဆိုတာ ဘာလဲဆိုတာ အကျွမ်းတ၀င်ဖြစ်နေပြီးသားပါ။ ဘလော့ဂ်ဆိုတာဘာလဲ မေးဖူးတဲ့သူတွေကို အဓိက ရည်ညွှန်းပါတယ်။ ဘာကြောင့် ဘလော့ဂ်ရေးသလဲဆိုတာကို တချို့ဘလော့ဂ်ဂါတွေ ရေးဖူးကြပါတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ ရေးကြတဲ့ ဘလော့ဂ်တော်တော်များများကို ရှိပါတယ်။ ကိုယ့်ဘလော့ဂ်လာဖတ်တဲ့ သူတွေ ဘလော့ဂ်ကနေပြီး နည်းပညာအသစ်အဆန်းတစ်ခုခု ၊ အတွေးအမြင်တစ်ခုခု ၊ ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုခု ၊ အတွေ့အကြုံအသစ်တစ်ခုခု ရသွားစေချင်တဲ့ စေတနာနဲ့ ဖြစ်စေ ၊ ကိုယ်ပိုင်မှတ်တမ်း တစ်ခု ခံစားချက်စုစည်းရာသဘောမျိုးဖြစ်စေ ရေးကြတာကိုလည်း တွေ့နိုင်ပါတယ်။
ဘလော့ ၊ ဘလော့ဂါ ၊ ဘလော့ဂင်း
၁၉၉၇ ခုနှစ်က ရိုးဘော့ဝစ် စဒမ့်ကွမ် ၀က်ဘ်ဆိုဒ်မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်ရာကနေတွင်ကျယ်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့မလွယ်တာမို့ `ဘလော့´လို့ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပာယ်က ကွန်ပျူတာကီးဘုတ် ဒါမှမဟုတ် ဆဲလ်ဖုန်းသုံးပြီး ကိုယ်ပြောချင် ရေးချင်တာ ချရေးလို့ ရတဲ့ ၀က်ဘ်ဆိုဒ်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် နိစ္စဓူဝကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ အင်တာနက် ဒိုင်ယာရီလို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေတင်ပြီး ကိုယ်ပိုင် `ဘလော့´တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တပြားမှ ပေးစရာမလိုဘဲ ဖရီးဝင်ရေးလို့ရတဲ့ ၀က်ဘ်ဆိုဒ်တွေလည်း အများကြီး ရှိပါတယ်။ အခု www.MyanmarISP.com ဟာလည်း open library အသေးစားနဲ့ တွဲထားတဲ့ Blog ၀က်ဘ်ဆိုဒ် တစ်မျိုးလို့ ပြောလို့ ရပါတယ်။
ဘလော့ဂါ Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက် ဂျာနယ်လစ်လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို `ဘလော့ဂင်း´Blogging လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါတွေစုပြီး အကြောင်းအရာ တစ်ခုခုကို `တည်´ဆွေးနွေးတာမျိုးကိုလည်း `ဘလော့ဂင်း´လို့သုံးလာကြတယ်။
`ဘလော့လှုပ်ရှားမှု´ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှပါဘူး။ ရေးကြပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ `မာမီကပြောတယ်၊ ဒီနေ့ မိုးရွာမယ်´ဆိုတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ လုပ်လာကြတယ်။ ဘလော့ဂါအချင်းချင်းလည်း အပြန်အလှန် ဆွေးနွေးကြတာ ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း အင်တာနက် ဂျာနယ်လစ်လို့ ခေါ်လာကြတာ ဖြစ်မယ် ထင်ပါရဲ့။
ဘလော့ လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိန်းအချုပ်မှ မရှိတာ။ ဥပဒေနဲ့ ကန့်တာ ထိန်းတာ မပြောနဲ့ ၊ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင် ၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့ လူတွေဘက်ကလည်း အရေးယူလို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာ ဖြစ်တာမျိုး ရှိသလောက်ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသား အခွင့်အရေး(Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ်(Citizen Journalist)လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။
မီဒီယာလောကအနေနဲ့ ဘလော့ဂါတွေကို အလေးထားရတဲ့ ကိစ္စကတော့ သူတို့ရဲ့ ခရာမှုတ်သူ(Whistle Blower) အခန်းကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျမီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ် မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့ သတင်းဦး ၊ သတင်းထူးတွေ ပေးနိုင်တာမို့ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ `တံခါးဖွင့်စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမတွေ´ (Open-Source Newsrooms) တွေ အွန်လိုင်းပေါ်မှာ အပြိုင်းအရိုင်း ပေါ်လာတော့ ဘလော့ဂါတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်စရာ ရှိပါတယ်။
အီရတ်စစ်ပွဲ အကြိုကာလလောက်က စပြီး မီဒီယာလောကသာမက နိုင်ငံရေးလောကကပါ ဘလော့ဂါတွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ ဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင်ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ ကျင့်သုံးနေကြတဲ့ ပထမဆုံး`ခရူဆိတ်တာ´တွေလို့တောင် အမွှန်းတင်ကြတယ်။

ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀က်ဘ်ဆိုဒ်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာကိုပဲ ဘလော့ဂါပရိသတ်(၃၂)သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ်`တောမတ်ဖရီးမင်း´ကတော့ ဘလော့လှုပ်ရှားမှုကို `တံခါးမရှိ ဓားမရှိ စူးစမ်းလေ့လာရေး´(Open-Source)လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့လည်း ဆိုပါတယ်။
0 comments:
Post a Comment