ကျွန်တော်နှင့် အနေအထိုင်မတတ်မှုများ
ကျွန်တော့်ရဲ့ တော်ရုံတန်ရုံ အဓိပ္ပာယ်
သစ်ပင်တွေငြိမ်သက်
ငါ့မှာသာ စက္ကူငှက်တစ်ကောင်လို ဂဏှာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုန့်သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့။
ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေခါနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက် ယုံတစ်ဝက်။
သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ။
ရူးချင်ယောင်ဆောင်နေလို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမယ့် သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်စာရင်းထဲက
ရုန်းမထွက်နိုင်သေး။
ငါ့ရဲ့ရွှေ့ပြောင်းပုံစံ
ဘယ်နေ့များ ဘယ်သူ့ထံရောက်မှာလဲ။
ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ။
တစ်နေ့ ထမင်းနှစ်နပ်စားဖို့လိုသလို
တစ်နေ့ ကဗျာနှစ်ပုဒ်ဖတ်ဖို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံး အကျောပေးထားလိုက်ချင်တယ်
သတင်းနဲ့ နည်းပညာခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ (လှသန်း)
်လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှ မပတ်သတ်တဲ့လက်
ခုချိန်ထိ ဘာကိုမှ မိမိရရ မဆုပ်ကိုင်မိသေးတဲ့လက်
လက်ရေးလှလှ ရေးတတ်ခဲ့ပေမယ့် လက်ညှိုးညွှန်ရာ ရေမဖြစ်ခဲ့တဲ့လက်
အသားမာတက်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးနေတဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်က အဲ့ဒီလက်ကို လက်တို့ပြီးသတိပေးနေတယ်
အဲဒီလက်က အဲ့ဒီလက်ကို လက်ဖျားခါလိုက်တယ်
တစ်နေ့လက်ချည်းပဲ ပြန်ရမယ်ဆိုတာ သေချာနေတဲ့လက်
အဲဒီလက်က အဲ့ဒီလက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ (လှသန်း)
အနေအထိုင် မတတ်မှုများ
ကြယ်တွေ မရိုးမရွ
ကောင်းကင်ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရရင် ကောင်းမလား၊၊
ခေါင်းတိုင်က မီးခိုးလို
ပါးစပ်အဟောင်းတွေထဲက
အသံအဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ၊၊
လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ့်သူ့ကို စွဲချက်တင်ရမလဲ
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင်မှ
ရှေ့ရေးက မကောင်းနိုင်သေးဘူး၊၊
မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို့ခေါ်လို့ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူးချွန်ဖို့ပဲ လိုအပ်တယ်။ (လှသန်း)
ကဗျာတွေပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူး
0 comments:
Post a Comment